
ဘုရင် ဗိမ္ဗိသာရမင်းကြီး၏ ထိတ်လန့်ဖွယ်အသံများ
ဘုရားရှင် ရာဇဂြိုဟ်သို့ရောက်ပြီးနောက် ဒုတိယမြောက်နေ့မှာပင် ဘုရားအမှူးရှိသော သံဃာတစ်ထောင်အား ဆွမ်းဆက်ကပ်ပြီး ဝေဠုဝန်ဥယျာဉ်ကို လှူဒါန်းလိုက်သော ဘုရင်ဗိမ္ဗိသာရသည် မိမိ၏ကိုသိုယ်ကောင်းမှူးတို့ကိုတမြည့်မြည့်ဆင်ခြင်၍ ကြည်နူးနေသောထိုနေ့ညတွင် ညဥ့်အတော်နက်သည့်တိုင်အောင် အိပ်မပျော်ဘဲရှိခဲ့သည် သန်ခေါင်ယံနီးလောက်ကျမှသာ မှေးခနဲ အိပ်ပျော်သွားခဲ့သည်။ သို့သော် ကြာကြာတော့ မအိပ်လိုက်ရချေ။ စံနန်းဆောင်၏အပြင်ဘက်မှ စူးစူးဝါးဝါးအသံများကိုကြားလိုက်ရသောကြောင့် ဘုရင်ဗိမ္မိသာရ အိပ်ပျော်နေရာမှ လန့်နိုးသွားလေသည်။ ကျုပ်တို့ကို သောက်စရာပေးကြပါ၊ စားစရာပေးကြပါ ၊ငတ်လှပါပြီ ဆာလှပါပြီ စသည်ဖြင့် ဟစ်အော် တောင်းဆိုနေသောအသံများမှာ သက်ရှိလူသားတို့၏အသံများတော့ ဟုတ်ဟန်မတူ ဝိညာဉ်လောကမှ နာနာဘဝတို့၏ အသံများသာဖြစ်ဖွယ်ရှိပေသည်။ တိတ်လန့်တုန်လှုပ်ဖွယ် ကောင်းသည်နှင့်အမျှ သနားဖွယ် ၊စိတ်ထိခိုက်ဖွယ်ကောင်းလှသော ထိုအသံများသည် ခဏမျှကြာသောအခါ အလိုအလျှောက်ပင် ပျောက်သွားလေသည်။ သို့သော်ဘုရင်ဗိမ္ဗိသာရကား ဆက်၍ မအိပ်တော့ချေ၊သူ့ဘဝ၌ အထူးခြားဆုံးဖြစ်ဖသာ ဤနေ့တွင်မှ ထိတ်လန့် ဖွယ် အနိဋ္ဌသဒ္ဒါရုံများကို ကြားရသည့်အတွက် စိတ်မကောင်းခြင်းကြီးစွာဖြင့် မိုးစင်စင်လင်းခဲ့ရလေသည်။
ဆွေမျိုးတော်ခဲ့ဖူးသည့် ပြိတ္တာတွေ
နံနက်လင်းလျှင် လင်းချင်းပင် ရာဇဂြိုဟ်ဘုရင်သည် ဘုရားရှင်ထံရောက်သွားလေသည်။ ညက ကြောက်မက်ဖွယ်အသံများ ကြားခဲ့ရပုံကို ဘုရားရှင်အား လျှောက်ကြားသည်။ ထိုအခါ ဘုရားရှင်က ကြောက်မက်ဖွယ်ရာ အသံများကို အော်ဟစ်သူတို့မှာ တစ်ခုသောအတိတ်ဘဝ၌ ဘုရင် ဗိမ္ဗိသာရနှင့် ဆွေမျိုးတော်ခဲ့ဖူးသည့် ပြိတ္တာများဖြစ်ကြောင်း ၊ ယမန်နေ့ကအလှူဒါနပြုရာတွင် ယင်းတို့အားဘုရင်က အမျှမပေးဝေခဲ့သောကြောင်း မိန့်ကြားတော်မူပါသည်။
ဘုရင် ဗိမ္ဗိသာရနှင့် ထိုပြိတ္တာများ ဆွေမျိုးတော်စပ်ခဲ့ပုံကိုလည်း အတိတ်ဆောင်၍ ဟောကြားတော်မှုလေသည်။
ဖုဿဘုရားလက်ထက်က
လွန်ခဲ့သော ၉၂ ကမ္ဘာထက်၌ ဖုဿအမည်ရှိသောမြတ်စွာဘုရားသည် လောက၌ ထင်ရှားပွင့်တော်မူ၏။ ထိုဘုရားရှင်၏ ခမည်းတော်ကား ကာသိတိုင်းရှင် ဘုရင် မဟိန္ဒမင်းကြီးဖြစ်၏။ ဘုရင် မဟိန္ဒမင်းကြီးမှာ အခြားသားတော် သုံးယောက်လည်း ရှိသေး၏။ မင်းကြီးသည် ထိုသား သုံးယောက်အား ပြည်နယ်တစ်နယ်ကို အပိုင်စားပေးထားသည်။ မင်းကြီးသည် သားတော် ဖုဿဘုရားရှင်ကို အလွန်ကြည့်ညို မြတ်နိုးသည်ဖြစ်၍ ဖုဿဘုရားနှင့်တကွ တပည့်သား သံဃာပေါင်းကိုးသောင်းတို့ကို သူတစ်ဦးတည်းကာသားကာခံ၍ ပစ္စည်းလေးပါးဖြင့် လုပ်ကျွေးပြုစုနေသည်။ သားတော် သုံးပါးအား လည်းကောင်း ၊ အခြားတိုင်းသူပြည်သားတို့အားလည်းကောင်း လုပ်ကျွေးပြုစုခွင့်လုံးဝမပေးချေ။ တစ်ခါသော် ကာသိတိုင်း၏ ပစ္စန္တရစ်အရပ်၌ ပုန်ကန်သောင်းကျမ်းမှု ပေါ်ပေါက်လာသဖြင့် မဟိန္ဒမင်းကြီးသည် သူပုန်များကို နှိမ်နင်းရန် သားတော်သုံးပါးကို စေလွှတ်လိုက်သည်။ သောင်းကျန်းမှုးကို အောင်မြင်စွာနှိမ်နင်းပြီး နေပြည်တော်သို့ ပြန်ရောက်လာသော သားတော်သုံးပါးတို့အား ခမည်းတော်ကြီးက ကျေနပ်လှသဖြင့် လိုရာဆုကို တောင်းကြ ဟု မိန့်ကြားသည်။ မင်းသားတို့က ဘုရားရှင်အား လုပ်ကျွေးပြုစုပေးရန် တောင်းဆိုကြ၏။ ခမည်းတော်ကြီးက သုံးလတိတိသာ လုပ်ကျွေးခွင့်ပေးလိုက်သည်။ ထိုအခါ မင်းသားတို့သည် သံဃာကိုးသောင်းနှင့်တကွ ဘုရားရှင်ကို မိမိတို့ပြည်နယ်သို့ ပင့်ဆောင်၍ ဝါတွင်းသုံးလပတ်လုံး ပစ္စည်းလေးပါးဖြင့် လုပ်ကျွေးပြုစုကြသည်။ ယင်းသို့လုပ်ကျွေးပြုစုရန်အတွက် ဘဏ္ဍာစိုးက မင်းသားတို့၏ဘဏ္ဍာတိုက်မှ လိုအပ်သမျှသော ငွေကြေးပစ္စည်းများကို ထုပ်ပေးရသည်။ အမှုဆောင်အမတ်က လက်အောက်ခံ ဝန်ထမ်းအလုပ်သမားများကို ကြီးကြပ် ကွပ်ကဲလျက် ဆွမ်းချက်ပြုတ် လောင်းလှူခြင်းကိစ္စကို ဆောင်ရွက်ရသည်။ ဝန်ထမ်း အလုပ်သမားများထဲတွင် သူ့ဆွေမျိုးသားချင်း အချိုလည်း ပါဝင်နေကြသည်။ မင်းသားသုံးယောက်တို့ကား ဖန်ရည်ဆိုးသော အဝတ်ကိုဝတ်၍ ဆယ်ပါးသီလဆောက်တည်လျက် ဝါတွင်းသုံးပတ်လုံး ဘုရားရှင် သီတင်းသုံးရာကျောင်းမှာပင် နေကြလေသည်။
ဆွမ်းဦးကိုစားခဲ့ကြ
မင်းသားတို့သည် တာဝန်လွှဲထားသည့် ဘဏ္ဍာစိုးနှင့် အမှုဆောင်အမတ်တို့သည် စေတနာဖြူဖြူစင်စင်ဖြင့် မိမိတို့တာဝန်ကို ကျေပြွန်စွာ ဆောင်ရွက်ကြသည်။ သို့သော်လည်း ဝေယျာဝစ္စ ဆောင်ရွက်ကြသည့် လက်အောက်ခံငယ်သားများကား ချက်ရင်း ပြုတ်ရင်း ဆွမ်းဦးဆွမ်းဖျားကို ကိုယ်တိုင်စားမိကြလေသည်။ ဖုဿဘုရားရှင်၏ညီတော်များဖြစ်သော ထိုမင်းသား သုံးယောက်တို့သည် သက်တမ်းစေ့၍ ကွယ်လွန်သောအခါ နတ်ပြည်သို့ရောက်ကြသည်။ ထို့နောက် လူ့ပြည် နတ်ပြည် တလှည့်စီကျင်လည်ကြခဲ့ပြီး ဂေါတမဘုရားရှင့် ပွင်ခါနီးအချိန်တွင် ဗာရာဏသီပြည်၌ ဗြဟ္မဏနွယ်ဝင် ညီအစ်ကို သုံးယောက်ဖြစ်လာကြသည်။ ထိုညီအစ်ကို သုံးယောက်တို့သည် အရွယ်ရောက်သောအခါ တောထွက်၍ ရသေ့ဝတ်ပြီး ဥရုဝေဠတော၌ နေကြသည်။ ဖုဿဘုရားရှင်လက်ထက်က ယင်းတို့၏နောက်လိုက်ဖြစ်သော ယောင်္ကျားတစ်ထောင်တို့သည်လည်း ရသေ့ညီနောင်သုံးပါ၏ တပည့်ရသေ့များဖြစ်လာကြလေသည်။ မင်းသား သုံးယောက်တို့၏ဘဏ္ဍာစိုးသည် ဂေါတမ ဘုရားရှင်လက်ထက်၌ ရာဇဂြိုဟ်ပြည်တွင် ဝိသာခ အမည်ရှိသော သူဌေးဖြစ်လာသည်။ အမှုဆောင်အမတ်မှာ ရာဇဂြိုဟ်ပြည်ရှင် ဘုရင်ဗိမ္ဗိသာရဖြစ်လာသည်။ ဘုရားရှင်နှင့် သံဃာတော်များအတွက် ချက်ပြုတ်စီစဉ်သည့် ဆွမ်းဘောဇဉ်တို့ကို ဦးဦးဖျားဖျား ယူငင်စားသောက်ခဲ့ကြသော ဝေယျာဝစ္စ အလုပ်သမားများကား ဂိဇ္ဈကုဋ်တောင်၌ ပြိတ္တာများဖြစ်နေကြသည်။ ထိုပြိတ္တာတို့သည် ဖုဿ ဘုရားရှင် လက်ထက်၌ မိမိတို့၏ ဆွေမျိုးဖြစ်ခဲ့သော ဘုရင် ဗိမ္ဗိသာရက သံဃာတစ်ထောင်နှင့်တကွ ဘုရားရှင်အား ဆွမ်းလောင်းသောနေ့တွင် မိမိတို့အား အမျှဝေလိမ့်မည်ဟု မျှော်လင့်ကြသဖြင့် နန်းတော်အနီး ပတ်ဝန်းကျင်၌ စုဝေးနေခဲ့ကြသည်။ သို့သော် ဘုရင် အမျှမပေးဝေခဲ့သောကြောင့် ယခုကဲသို့ လာရောက် အော်ဟစ်နေကြခြင်းဖြစ်လေသည်။
ဒါနပြုတိုင်း အမျှဝေပါ
ဤသို့ဘုရားရှင်က အတိတ်ဆောင်၍ အကြောင်းစုံကို မိန့်ကြားသောအခါ ဘုရင်ဗိမ္ဗိသာရသည် နောက်နေ့တွင် ဘုရားရှင်နှင့် သံဃာတစ်ထောင်ကို နန်းတွင်းသို့ပင့်၍ ဆွမ်း၊ သင်္ကန်းများနှင့် လှူဒါန်း ဆက်ကပ်ပြန်သည်။
ဤအလှူဒါန၏ အဖို့ကို ကျွန်ုပ်၏ ဆွေမျိုးများ ရရှိကြပါစေ ဟူ၍လည်း အမျှပေးဝေလေသည်။ ယင်းသို့အမျှပေးဝေသော ခန၌ပင် နန်းတော်၏ အနီးပတ်ဝန်းကျင်၌ စုဝေးနေကြသောပြိတ္တာတို့သည် နတ်၌ဖြစ်သော စားဖွယ်သောက်ဖွယ် အဝတ်အထည် စသည်တို့ကို ရရှိ၍ နှစ်ပေါင်းများစွာခံနေရသော ပြိတ္တာတို့သည် ဆင်းရဲ ဒုက္ခတို့မှ လွတ်မြောက်သွားကြလေသည်။ ဘုရားရှင်သည် ဆွမ်းကိစ္စအပြီးတွင် ဘုရင်ဗိမ္ဗိသာရအား အလှူဒါန ပြုလုပ်သောအခါ ကွယ်လွန်သွားသော မိဘ၊ ဘိုးဘွား၊ သားချင်း၊ ဆွေမျိုးတို့အား ရည်စူး၍ အမျှအေးဝေအပ်သောကြောင်း ယင်းသို့အမျှပေးဝေခြင်းသည် ပြိတ္တာဘုံသို့ရောက်နေသည့် ဆွေမျိုးများရှိခဲ့သော် ယင်းတို့အား ပူဇော်ချီးမြှင့်ရာရောက်ကြောင်း မိန့်ကြားပြီး တိရောကုဋ္ဋသုတ္တန်ဒေသနာတော်ကို ဟောကြားတော်မူလေသည်။ ထိုဒေသနာ၏အဆုံး၌ ရှစ်သောင်းလေးထောင်သော သတ္တဝါတို့ အကျွတ်တရား ရရှိသွားကြလေသည်။